မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်လျက်ရှိပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် အနာဂတ်
မြန်မာ့စီးပွားရေးမှာ ကမ္ဘာ့နိုင်ငံများက အံ့သြခဲ့ရသော အာရှကျား
နိုင်ငံများကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း ရှိ၊ မရှိကို
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အခြေစိုက် ကမ္ဘာ့စီးပွားရေးရာ လေ့လာ
သုံးသပ်ရေးအဖွဲ့ Business Monitor International က သုံးသပ်ရေးသား
ဖော်ပြသည်။
ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အာရှဒေသရှိ
နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်တစား စောင့်ကြည့်မှုများနှင့်
ကြုံတွေ့ခဲ့ရသော်လည်း အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်၌
မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိခဲ့ပေ။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံ၏
အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့်
ဗီယက်နမ် နိုင်ငံတို့သည် အာရှဒေသ၏ စီးပွားရေး ကျားနိုင်ငံများ ဖြစ်လာပြီး
စီးပွားရေး တိုးတက်မှုနှင့်အတူ လူနေမှု အဆင့်အတန်း တိုးတက်မှု၊ ပညာရေး
အဆင့်အတန်း တိုးတက်မှု စသည့် အကျိုးကျေးဇူးများ ရရှိခံစားရလျက် ရှိသည်။
အဆိုပါ
ကာလအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးတိုးတက်မှု မရှိဘဲ ခေတ်နောက်ကျ
ကျန်ခဲ့ခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းပယ်ထားမှု၊
စီးပွားရေးရာအရ တသီးတခြား ရပ်တည်နေမှု၊ မှားယွင်းသော စီးပွားရေးရာ
စီမံခန့်ခွဲမှုများကို ကာလရှည်ကြာ ပြုလုပ်ခဲ့မှု စသည့် အဓိကအချက်များကြောင့်
ဖြစ်သည်။ သို့သော်လည်း မကြာသေးမီ အချိန်မှ စတင်၍ ပြုလုပ်လျက်ရှိသော
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့စီးပွားရေး
အင်အားကြီး အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား
နိုင်ငံရေး၊ စီးပွားရေးရာအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်
စတင်ဆွေးနွေး လုပ်ဆောင်မှုများ စသည့် အချက်များကြောင့် မြန်မာ့စီးပွားရေး
အခြေအနေနှင့် ပတ်သက်၍ အနာဂတ် အလားအလာကောင်းများ ပေါ်ထွန်းလျက်ရှိသည်။
မကြာမီကာလအတွင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့
သွားရောက်၍ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ
ဆွေးနွေးခဲ့သည်။ ဟီလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ်သည် မြန်မာ့စီးပွားရေး
ပြန်လည် တည်ဆောက်နိုင်ရေး ခရီးရှည်ကြီးတွင် ပထမဆုံး ခြေလှမ်းသာဖြစ်ပြီး
ဆက်လက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။ အကယ်၍ မြန်မာနိုင်ငံ၏
စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်သွားပါက ၁၀
နှစ်အတွင်း ဗီယက်နမ် နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည်။
လူဦးရေ
သန်း ၆၀ ကျော်ရှိခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပမာဏ များစွာရှိခြင်း၊
လယ်ယာလုပ်ငန်း၊ တန်ဖိုးနည်း ကုန်ထုတ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း
နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်နိုင်သော အလားအလာ
များစွာရှိခြင်းတို့ကြောင့် Business Monitor International က
မြန်မာနိုင်ငံကို ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်နိုင်ကြောင်း ၂၀၀၇ ကတည်းက
ခန့်မှန်း ရေးသားခဲ့သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတတ်ရေးတွင်
ယင်းကဲ့သို့သော အလားအလာကောင်းများ ရှိသော်လည်း အခြားသော အခက်အခဲများလည်း
ရှိနေသေးသည်။ တရားဝင် ငွေလဲလှယ်နှုန်း (၁ ဒေါ်လာ=၆ ကျပ်) နှင့် လက်ရှိ
ဈေးကွက်ပေါက်ဈေး (၁ ဒေါ်လာ=၇၇၆ ကျပ်) ကြား ကွာဟချက် ကြီးမားစွာ
ဖြစ်ပေါ်လျက်ရှိခြင်းမှာ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိက အခက်အခဲ
တစ်ခုဖြစ်သည်။ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေ အဖွဲ့က မြန်မာအစိုးရကို ကူညီ ဆောင်ရွက်ပေးလျက်
ရှိသော်လည်း အဆိုပါကိစ္စ လက်တွေ့ ဖြစ်လာစေရန်မှာ အချိန်များစွာ
ယူရဦးမည်ဖြစ်သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင်
အမေရိကနှင့် ဥရောပနိုင်ငံများမှ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို
ရုပ်သိမ်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားရေးတို့မှာ အဓိက
အရေးပါလျက်ရှိသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏
သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစတစ်ခု ဖြစ်နိုင်သော်လည်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်၏ ၂၀၀၀ ပြည့်နှစ် မြောက်ကိုရီးယား
ခရီးစဉ်ကို သင်ခန်းစာယူရန် လိုအပ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မယ်ဒလင်းအောဘရိုက်၏ မြောက်ကိုရီးယား ခရီးစဉ် ပြီးဆုံးသွားသည်မှာ
ဆယ်စုနှစ်တစ်ခု ကျော်သွားပြီ ဖြစ်သော်လည်း မည်သည့်ရလဒ်မှ ရေရေရာရာ
ထွက်ပေါ်လာခြင်း မရှိသေးပေ။
သို့သော်လည်း မြန်မာအစိုးရ အနေနှင့်
နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း
နားလည် သိရှိလျက် ရှိသည်ဟု Business Monitor International အနေနှင့်
ထင်မြင်ယူဆလျက် ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ်
အလွန်အမင်း မှီခိုအားထား နေရမူကို လျှော့ချလိုလျက်ရှိပြီး အမေရိကန်
ပြည်ထောင်စုကလည်း မဟာဗျူဟာအရ အရေးပါလျက်ရှိသော မြန်မာနိုင်ငံကို
အာရှဒေသအတွင်း အင်အားကြီးမားလာလျက် ရှိသော တရုတ်နိုင်ငံအပေါ် အင်အား ပြန်လည်
ချိန်ညှိနိုင်ရန်အတွက် အလိုရှိလျက် ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် အလားအလာကောင်းများ
ပေါ်ထွန်းလျက် ရှိသည်။
၂၀၀၇ ခုနစ်မှ စတင်၍ Business Monitor
International သည် BLANK ဟူသော စကားလုံးကို မြန်မာ၊ လာအို၊ အာဖဂန်နှင့်
မြောက်ကိုရီးယားနိုင်ငံတို့ကို ရည်ညွှန်းနိုင်ရန် စတင် သုံးစွဲခဲ့သည်။
အဆိုပါ နိုင်ငံများအနေဖြင့် နိုင်ငံရေးရာ ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်နိုင်ပါက စီးပွားရေးရာအရ တိုးတက်နိုင်သော အလားအလာ
များစွာရှိကြောင်း Business Monitor International က ခန့်မှန်းရေးသား
ဖော်ပြပေးခဲ့သည်။ လာအိုနိုင်ငံ အနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ပြီး စီးပွားရေး တိုးတက်မှုများ ရရှိလျက် ရှိသော်လည်း BLANK
နိုင်ငံများတွင် လူဦးရေသန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံသည်သာ အာရှကျား
နိုင်ငံများကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ
အကောင်းဆုံးဖြစ်သည်။
No comments:
Post a Comment