ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် သတ္တုနှင့် ဆက်စပ်သော ပြည်ပ ရင်းနှီးမြှုပ်နှံမှု များလိုအပ်နေ

Share

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇)
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း အဆိုပါဒေသ ဥက္ကဋ္ဌ ဦးထူးကိုကိုက ဖေဖော်ဝါရီ ၂၄ ရက်က ပြည်တွင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောသည်။
”ဒေသခံ တိုင်းရင်းသားတွေ အလုပ်အကိုင် အခွင့်အလမ်း ရဖို့ အတွက် ဒေသနဲ့ ကိုက်ညီမယ့် စက်ရုံတွေ ဥပမာ သတ္တုနဲ့ ဆက်စပ်  စက်ရုံတွေ လိုအပ်ပါတယ်” ဟု ၄င်းက ပြောသည်။
လက်ရှိတွင် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ရွာငံနှင့် ပင်းတယ လမ်းဆုံ ဖြစ်သော ကျုံး ကျေးရွာတွင် ကျုံးကုန်စည် ဒိုင်ဖွင့် လှစ်ရန် ဆောင်ရွက်နေပြီ ဖြစ်ပြီး အဆိုပါ ကုန်စည်ဒိုင် တွင် လာ ရောက် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များကိုလည်း ဖိတ် ကြား ထားကြောင်း၎င်းထံမှ သိရသည်။
လက်ရှိတွင် အဆိုပါ ကုန်စည် ဒိုင်ရှိ ဆိုင်ခန်း များကို ဒေသခံ တိုင်းရင်းသားများသာ ရင်းနှီးမြှုပ်နှံ နေကြကြောင်း၊ အခြား ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ဝင်ရောက် ရင်းနှီးမြှုပ် နှံကြပါက ပိုကောင်းမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
”ကျွန်တော်တို့ ဒေသမှာ တည်းခိုခန်း ဆောက်ချင်တာမျိုး၊ တခြား စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာ မျိုးတွေ လုပ်ချင်ရင် ဒေသဦးစီး အဖွဲ့က လိုအပ်တာတွေ ကို  ကူညီပေးမှာပါ” ဟု ၄င်းကပြောသည်။
၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက် တွင် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒေသတွင် ပင်းတယနှင့် ရွာငံမြို့ တို့ပါဝင်သည်။ ပင်းတယ မြို့ပေါ်တွင်   ရပ်ကွက် ၁၂ ခု၊ ကျေးရွာ အုပ်စု ၂၇ အုပ်စုရှိပြီး ရွာငံ မြို့ပေါ်တွင် ရပ် ကွက် သုံးခု၊ ကျေးရွာအုပ်စု ၂၈ အုပ်စု ရှိကြောင်း၊ ဓနု ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရ ဒေသ တွင် ဓနု တိုင်းရင်း သား ၁၅၂ဝ၅၂ ဦး နေထိုင်ကြ ကြောင်း ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ  ဒေသ ဥက္ကဋ္ဌထံမှ သိရသည်။

မေဇင်ဝင်း

Share
ဆက်နွယ်သည့် သတင်းများ