တစေ့တစောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း

 

မောင်ရန်အေး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို စီးပွားရေးလောက၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံရေးနယ်ပယ်အုပ်ချုပ်ရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ ပြီးတော့ စာနယ်ဇင်းတွေရဲ့ စိတ်ပါဝင်စားမှုတွေ အများ ကြီးရရှိခဲ့ပြီး ကိုယ့်ရှုထောင့်နဲ့ကိုယ် စိုးရိမ်ပူပန်မှုတွေထုတ်ဖော်ခဲ့ကြ ပါတယ်။ အခုထွက်ပေါ်လာတဲ့ ဥပဒေသစ်ဟာ စိုးရိမ်ပူပန်မှုအတော် များများ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်မှာ စိုးရိမ် တဲ့သူတွေကို အတော်အတန်စိတ်သက်သာခွင့်ရသွားစေခဲ့ပါတယ်။
ဆက်ပြီးရတက်မအေးနိုင်ကြတာတွေကတော့ ရှိနေသေးတာပါ။
-    နည်းဥပဒေ မထွက်သေးတာ
-    ရင်းနှီးမြှုပ်နှံမှု ကော်မရှင်များ လုပ်ပိုင်ခွင့်တွေ များနေမလား လို့ စိတ်ပူတာ
-    အရင်ဥပဒေဟောင်းတုန်းကလည်းကောင်းတော့ ကောင်းပါ ရဲ့။ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ဝင်မလာခဲ့တာ
-    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာခဲ့ရင် ပြည်တွင်းလုပ်ငန်း တွေမှာ ဝန်ထမ်းဆက်ထိန်းထားနိုင်ဖို့ခက်မှာ၊ ဈေးကွက် ဝေစုတွေ လျော့ပါးပျောက်ကွယ်ကုန်မှာ
-    တကယ်တမ်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေ ဝင်မလာမှာ စတဲ့ ကိစ္စတွေပါပဲ။
စိုးရိမ်ပူပန်မှုတွေ ရှိသင့်သလောက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အရင်ကနဲ့မတူတဲ့ အခြေအနေ အခင်းအကျင်းသစ်တွေ၊ အပြောင်းအလဲတွေ၊ ဆက်လက်တွေ့ရမယ့်အပြောင်းအလဲတွေကို ထည့်တွက်မယ်ဆိုရင်တော့ သောက လျော့ပါးသွားနိုင်ပါတယ်။ ဥပမာ- ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ရော နည်းဥပဒေပိုင်းကိုပါ ဥပဒေပြု သူတွေ၊ စာနယ်ဇင်းတွေကအခါမလပ် စောင့် ကြည့်သုံးသပ်မှုတွေ ရှိနေမှာ ဖြစ်ပြီး မြင်သာထင်သာရှိမှု၊ တာဝန် ယူမှု၊ တာဝန်ခံမှုတွေနဲ့ ပတ်သက်လို့ တောင်းဆိုမှုတွေ မြင့်မားလာတာနဲ့ အမျှတစ်ဖက်ကလည်းသိသိသာသာ တိုးတက်တုံ့ပြန်မှုတွေ တွေ့ရှိရမယ်လို့ မျှော်လင့်ယုံကြည်ထားပါတယ်။
တကယ်တော့ ၂ဝ၁၂ ခုနှစ် နိုဝင် ဘာ ၂ ရက်မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို သိထားရင်ကောင်းပါတယ်။
ပထမဆုံးသတိထားမိတာက ရင်းနှီးမြှုပ်နှံမှုလို့ဆိုရာမှာ(တည်ဆဲ ဥပဒေများနဲ့အညီ) အသိÓဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများကိုပါ ထည့်သွင်းထားတာပါ။
အများစိုးရိမ်နေကြတဲ့ကိစ္စတွေကို ကန့်သတ်တားမြစ်ထားရာမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံကို ထိခိုက် တာ၊ ပြည်သူ့ကျန်းမာရေးကို ထိခိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာတွေ ပါဝင်ပါတယ်။ ဘေးအန္တရာယ်ရှိတာတွေ၊ အဆိပ် အတောက်တွေ၊ ဓာတုပစ္စည်းထုတ်လုပ်အသုံးပြုတာတွေ၊ စမ်းသပ်ဆဲ နည်းပညာတွေနဲ့ အသုံးအဆောင်တွေကိုလည်း တားမြစ်ပါတယ်။
နိုင်ငံသားတွေ လုပ်ကိုင်နိုင်တဲ့ မွေးမြူရေးလုပ်ငန်း၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ နှစ်တိုနှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်း တွေကိုလည်း နည်းဥပဒေထုတ်ပြန်သတ်မှတ်ပြီး ဟန့်တားတာ၊ တား မြစ်တာတွေ့ရပါတယ်။ နယ်စပ်မျဉ်းက တစ်ဆယ်မိုင်အတွင်း ဆောင် ရွက်မယ့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို တားမြစ်ပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့လုပ်နိုင်တဲ့စီးပွားရေးဇုန်တွေတော့ရှိနေတယ်။
ကန့်သတ်ထား၊ တားမြစ်ထားတဲ့လုပ်ငန်းတွေကိုလည်း တိုင်း ရင်းသားပြည်သူတွေရဲ့ အကျိုးအတွက် အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ကိုရယူပြီး ခွင့်ပြုနိုင်တယ်။ လုံခြုံရေး၊ ပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုအကျိုးစီးပွားကို အကျိုးသက်ရောက်မှု ကြီးမားတဲ့လုပ်ငန်းကြီး တွေကို အစိုးရအဖွဲ့ကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြရ မယ်လို့ ဆိုထားတော့ လွှတ်တော်ရဲ့ ထိန်းချုပ်မှုက မလွတ်ကင်း ပါဘူး။ အကျိုးသက်ရောက်မှုဆိုရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးပါ နှစ်ခုစလုံးကို ရည်ရွယ်တယ်လို့ သဘောပေါက်ပါတယ်။
အခန်း(၃)က ရည်ရွယ်ချက်တွေထဲမှာတော့ အများစိတ်ဝင်စား နေကြတဲ့ ခေတ်မီ သတင်းအချက်အလက် နည်းပညာ အပါအဝင် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးစေရန်၊ ဆက်သွယ်ရေးကွန်ရက်များ စသည်ဖြင့်ပါဝင်လေတော့ အများအားမလိုအားမရဖြစ်ကြတဲ့ သတင်း အချက်အလက်နည်းပညာကဏ္ဍမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးထားတာ တွေ့ရပါတယ်။ ဒါကို အခြေခံမူများအပိုင်းမှာ သတင်းအချက်အလက်နှင့် နည်းပညာရယူ ဖလှယ်နိုင်ရန် အထောက် အပံ့ဖြစ်စေရေးလို့ ထပ်မံထည့်သွင်းထားတာလည်း တွေ့ရပါတယ်။
ရင်းနှီးမြှုပ်နှံမှုပုံစံမှာ နိုင်ငံခြားသားက နိုင်ငံခြားမတည်ငွေရင်း ရာခိုင်နှုန်းအပြည့်နဲ့ ပြုလုပ်လို့ရသလို နိုင်ငံသား ဒါမှမဟုတ် အစိုးရ ဌာန၊ အဖွဲ့အစည်းတွေနဲ့ ဖက်စပ်၊ ဒါမှမဟုတ် နှစ်ဖက် သဘောတူ စာချုပ်နဲ့ လုပ်နိုင်ပြီး မတည်ငွေအချိုးကို တိတိကျကျသတ်မှတ်မပေး ဘဲ နှစ်ဖက်သဘောတူညီချက်အရ သတ်မှတ်ဖို့၊ လွတ်လပ်ခွင့်ပေး ထားတာတွေ့ရတယ်။ ကော်မရှင်က လုပ်ငန်းကဏ္ဍအလိုက် အနည်း ဆုံး ရင်းနှီးမြှုပ်နှံရမယ့်ပမာဏ (အချိုးအစားမဟုတ်) သတ်မှတ် ပေးရမယ်၊ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ယူရမယ်။ တားမြစ်တဲ့၊ ကန့်သတ်တဲ့လုပ်ငန်းကို နိုင်ငံခြားသားက နိုင်ငံသားနဲ့ ဖက်စပ်လုပ် ချင်ရင် နည်းဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ အချိုးကို အဆိုပြုရမယ်လို့ တစ်ဖက်မှာ လွတ်လပ်မှုနဲ့ ကန့်သတ်မှုကို ယှဉ်တွဲတွေ့ရတယ်။
ရင်းနှီးမြှုပ်နှံသူရဲ့ တာဝန်တွေထဲမှာ ငှား ရမ်းခွင့်၊ အသုံးပြုခွင့်ရ တဲ့ မြေရဲ့ သဘာဝ၊ မြေမျက်နှာသွင်ပြင်၊ မြေအနိမ့်အမြင့်အနေ အထား၊ သိသာထင်ရှားစွာပြောင်းလဲမှုကို ကော်မရှင်ရဲ့ ခွင့်ပြုချက် မရဘဲ မလုပ်ရဘူးလို့ ဆိုပါတယ်။ အဓိပ္ပာယ်အတိအကျကတော့ နည်း ဥပဒေမှာ တွေ့ရမယ်လို့ မျှော်လင့်ပါ တယ်။
မြေငှားရမ်းခွင့် အသုံးပြုခွင့် က ကနဦး နှစ် ၅ဝ၊ သက်တမ်း တိုးခွင့် ၁ဝ နှစ်စီ နှစ်ကြိမ်၊ စုစု ပေါင်း နှစ် ၇ဝအထိရရှိနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ လက်ခံတာ၊ ငြင်းပယ်တာကို ၁၅ ရက်အတွင်း ပြုလုပ်ပြီး လက်ခံရန် ရက်ပေါင်း ၉ဝ အတွင်း ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းပြုလုပ်ပါမယ်။တကယ့် လက်တွေ့မှာဒီထက်ပိုမြန်ပြီး ပိုမကြာ ရင်ကောင်းမယ်လို့ မြင်ပါတယ်။
အမှုထမ်းတွေ၊ အလုပ်သမားတွေခန့်ထားရာမှာ ပထမ ၂ နှစ် မှာ နိုင်ငံသားအနည်းဆုံး ၂၅%၊ ဒုတိယနှစ်မှာ ၅ဝ%၊ တတိယနှစ်မှာ ၇၅% ခန့်ထားပြီးဖြစ်ရမယ်။ ကျွမ်းကျင်မှုမလို ရင် နိုင်ငံသားတွေ ကိုပဲ ခန့်ရမယ်။ နိုင်ငံသား ဝန်ထမ်းတွေကို လုပ်ခအဆင့် ခွဲခြားမှုမရှိ ရဘူး။  ဝန်ထမ်းတွေလုပ်ငန်း ကျွမ်းကျင်မှု တိုးတက်လာအောင် လည်း လေ့ကျင့်ပေးရမယ်၊ သင်တန်းပေးရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်။ ပေးကားပေး၏- မရဆိုတာမျိုး မဖြစ်ရအောင်က နိုင်ငံသား ဝန်ထမ်းတွေကိုယ်တိုင်ကပါ ကြိုးစားအားထုတ်ရမှာပါ။
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အငြင်းပွားစရာကြုံရင် မြန်မာနိုင်ငံ ရဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ လိုက်နာဆောင်ရွက်ရပါမယ်။ ဒါပေမဲ့ ဒီဥပဒေရဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာစာချုပ် တွေ၊ သဘောတူညီချက်တွေနဲ့ ကွဲလွဲနေရင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေအတိုင်း လိုက်နာရမယ်။
၁၉၈၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ဒီဥပဒေနဲ့ ရုပ်သိမ်းလိုက်ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကိုတော့ လက်ရှိ ဥပဒေသစ်နဲ့ ဆက်လက်အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်။
အရင်ဥပဒေဟောင်းမှာ အခွန်ကင်းလွတ် ခွင့် ၃ နှစ်ပေးထားခဲ့ ပေမယ့် အခုဥပဒေအရ ၅ နှစ်အထိ ကင်းလွတ်ခွင့်ရကြပါမယ်။ ပို့ကုန် လုပ်ငန်းကရတဲ့အမြတ်ရဲ့ ၅ဝ% အထိ အခွန် သက်သာခွင့် တွေရပြီး အမြတ်ကို တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီး မြှုပ်နှံရင်လည်း အခွန်သက်သာခွင့်တွေ ရကြမှာပါ။
အခုလို ဥပဒေပြဋ္ဌာန်းနိုင်တာကို အဓိကရ ခြေလှမ်းတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်ကြပါတယ်။

Leave a Comment

Leave a Reply