bbc.co.uk navigation

နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော် နှစ်ရပ် အတည်ပြု

နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 15:45 GMT
cocacola

ရင်းနှီးမြှုပ်နှံ သူတွေကို ဆွဲဆောင် နိုင်လိမ့်မယ်လို့ ဥပဒေ ပြုသူ တွေက မျှော်လင့်

နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ မူကြမ်း ကို ပြည်သူ့ လွှတ်တော် ကရော၊ အမျိုးသား လွှတ်တော် ကပါ အတည် ပြုလိုက် ပြီမို့ ဥပဒေ အသက်ဝင် လာဖို့ အတွက် သမ္မတ က အတည်ပြု ရမယ့် အဆင့် ပဲ ကျန်ပါ တော့တယ်။

ဒီဥပဒေကို ရေးဆွဲ ရာမှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင် တွေ ရဲ့ သဘောထား တွေ ကို လည်း လွှတ်တော်က ရယူ ခဲ့တယ် လို့ ဆိုပါတယ်။

ဒီဥပဒေ မှာ နိုင်ငံခြားသား လုပ်ငန်းရှင် အနေနဲ့ လုပ်ငန်း တခု အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း တန်ဘိုး ကို ရင်းနှီး မြှုပ်နှံ ရမှာ ဖြစ် သလို လုပ်ငန်း ပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံ နိုင်မယ့် လုပ်ငန်း တွေ လည်း ပါဝင် ပါတယ်။

နည်းပညာကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး၊ ဝေးလံ တဲ့ဒေသ တွေမှာ မြန်မာနိုင်ငံသား တွေ အတွက် အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ မြန်မာနိုင်ငံသား တွေ မလုပ်နိုင်တဲ့ အလုပ်မျိုး တွေမှာသာ နိုင်ငံခြားသား တွေကို ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံခွင့် ပေးထားတယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မီတီ အတွင်းရေးမှူး ဖြစ်တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အမတ် ဉီးစောလှထွန်း က ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ နိုင်ငံသား တွေရဲ့အကျိုးကို ကြည့်ပြီး သယံဇာတ ထုတ်ယူရေးလို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေကို ကန့်သတ်တဲ့ ပြဌာန်းချက် တွေလည်း ဥပဒေ ထဲမှာ ထည့်သွင်း ထားတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြား ကုမ္ပဏီ တွေ အနေနဲ့ ပထမ ၂ နှစ်အတွင်း ပြည်တွင်း ကျွမ်းကျင် လုပ်သား ၅၀ ရာနှုန်းခန့်ထား ရမှာဖြစ်ပြီး၊ ဒုတိယ ၂ နှစ်မှာ ၇၅ ရာနှုန်း၊ တတိယ ၂ နှစ်မှာ ၁၀၀ ရာနှုန်း အသီးသီးတိုးမြှင့်ခန့်ထားဖို့၊ ၅ နှစ်အတွင်း နည်းပညာ လွှဲပြောင်းပေးပြီး ဖြစ်ဖို့ စတဲ့ သတ်မှတ်ချက် တွေလည်း ဥပဒေမှာ ပါတယ်လို့ ဆိုပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ လုပ်ငန်း တွေကိုလည်း ခွင့်မပြုဖို့ ဥပဒေက တားမြစ်ထားကြောင်း ဉီးစောလှထွန်းက ပြောပါတယ်။

တဖက်မှာလည်း ပြည်ပ ရင်းနှီးမြှုပ်နှံ သူတွေကို ပထမ ၅ နှစ် အတွင်း အခွန် ကင်းလွတ်ခွင့် နဲ့ ကုန်ကြမ်း ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်သွင်း ခွင့် ပြုတာမျိုး ရှိသလို ရင်းနှီးမြှုပ်နှံမှုကို လွှဲပြောင်း ရောင်းချခွင့်၊ ငွေကြေး လွှဲပြောင်းခွင့် တွေကိုလည်းပေးထား တာကြောင့် ပြည်ပ လုပ်ငန်းရှင် တွေကိုဆွဲဆောင် နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။