bbc.co.uk navigation

မြန်မာ ပြည်မှာ ရင်းနှီး မြှုပ်နှံမယ့်သူ တွေကို သတိပေး

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 16:53 GMT
Rangoon Port

ရန်ကုန် ဆိပ်ကမ်း

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ချင်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ သတိထား ကြဖို့ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီ တွေကို အကြံပေးတဲ့ Control Risk Group အဖွဲ့အစည်း ရဲ့အာရှ ဒေသ ဆိုင်ရာဒါရိုက်တာ ဒိမ်း ချာမိုရိုက Dame Chammoro က ပြော ပါတယ်။

စျေးကွက်သစ် ဖြစ်တဲ့ မြန်မာ နိုင်ငံဟာ အခြေခံ အဆောက် အဦတွေ၊ ကျွမ်းကျင် လုပ်သားတွေ၊ ဥပဒေ စနစ်တွေ ငွေကြေး လွှဲပြောင်းတဲ့ စနစ်တွေ၊ အဆင်သင့် မဖြစ်သေးတာ တွေက ပြည်ပက ရင်းနှီး မြှုပ်နှံသူတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဖြစ်တယ် ဆိုတာ ကြိုတင် သတိပေး နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လို ကဏ္ဍမှာရင်းနှီးမြှုပ်နှံတဲ့ ရှက်ဗရွန်လို၊ တိုတယ်လို ကုမ္ပဏီကြီးတွေက လိုအပ်တဲ့ အခြေခံ အဆောက်အဦနဲ့ ကျွမ်းကျင်မှု တွေကို သူတို့ ယူဆောင်လာပြီး နှစ်တွေ အကြာကြီး လုပ်ဆောင်နေခဲ့တဲ့ ဥပမာနဲ့ နှိုင်းယှဉ် ပြီး ဘီဘီစီက မေးတဲ့ အခါ မြန်မာနိုင်ငံရဲ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ အပိုင်း ကတော့ တခြား လုပ်ငန်းပိုင်း တွေနဲ့ ကွာခြားမှု အနည်းငယ် ရှိပြီး ဒီကဏ္ဍ တွေမှာ ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီတွေ ကလည်း စျေးကွက်သစ် တွေမှာဝင်ရောက် ရင်းနှီး မြှုပ်နှံ ကြတဲ့ သဘာဝ ရှိတာမို့ မြန်မာနိုင်ငံကို ဝင်လာမယ် ဆိုရင်လည်း ကြိုတင် ပြင်ဆင် ပြီးသား ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံ ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေလိုချင်နေပြီး မကြာခင် ထွက်လာမယ့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေသစ် ထဲမှာ နိုင်ငံခြားသား တွေကို ၁၀၀ ရာခိုင်နှုန်း အထိ တချို့ကဏ္ဍ တွေမှာ ရင်းနှီး မြှုပ်နှံခွင့် ပေးထား တယ်လို့ သိရပေမဲ့ သူတို့ အတွေ့အကြုံ အရ ဥပဒေ မူကြမ်း ဘယ်လိုပဲ ထွက်လာလာ နောက်ဆုံး အတည် ဖြစ်တဲ့ အခါ အပြောင်း အလဲတွေ ရှိနိုင်တယ်၊ အဲဒီ ဥပဒေကို လက်တွေ့ ဘယ်လို ကျင့်သုံး မလဲ ဆိုတာ ကလည်း အရေးကြီး တယ်လို့ ဒိမ်း ချာမိုရိုက ပြောပါတယ်။

အခု ဖြစ်ပေါ် လာတဲ့ အခွင့်အရေးကို အသုံးချပြီး ချက်ချင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံ ချင်တဲ့ ကုမ္ပဏီတွေ ရှိနိုင်သလို စောင့်ကြည့် ဦးမယ့် သူတွေလည်း ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ဥပဒေ ပိုင်းရော အခြေခံ အဆောက် အဦ ပိုင်းရော ပြုပြင်ဖို့ ချက်ချင်း မလွယ်ပေမဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေ စိတ်ချ လက်ချ လာနိုင်အောင် အစိုးရအနေနဲ့ အကောင်းဆုံး လုပ်နိုင်တာ က နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို လက်တွေ့ လွယ်လွယ် ကူကူ ကျင့်သုံးလို့ ရနိုင်အောင်နဲ့ ရှင်းရှင်း လင်းလင်း ရှိအောင် ရေးဆွဲဖို့ လိုအပ်တယ်၊ လက်တွေ့ ကျင့်သုံးရာ မှာလည်း ပွင့်လင်း မြင်သာ ဖို့နဲ့ ဥပဒေကို ကျောသား ရင်သား မခွဲခြားဘဲ ကျင့်သုံးဖို့၊ ရင်းနှီး မြှုပ်နှံသူတွေ ဘက်က ကြိုတင်မှန်းဆလို့ ရနိုင်တဲ့ အခြေ အနေ မျိုးကိုလည်း ဖန်တီး ပေးဖို့ လိုတယ်လို့ အာရှ ဒေသ ဆိုင်ရာဒါရိုက်တာကအကြံပြုပါတယ်။

ဥပဒေတွေ မူဝါဒတွေ ဘယ်လိုရှိတယ်၊ အဲဒီ မူဝါဒတွေ အရ အစိုးရက ဆုံးဖြတ်ချက် တွေကို ဘယ်လို ချလေ့ ရှိတယ်ဆိုတာ ခန့်မှန်း လို့ရနိုင်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေ ဘက်က ယုံကြည်မှု ရလာ နိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။