မြန်မာနိုင်ငံ လူမှုစီးပွားရေးအကြံပေးကောင်စီ (National Economic and Social Advisory Council) ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း အဆိုပါကောင်စီတွင် ပါဝင်သော ပညာရှင်နှင့်လုပ်ငန်းရှင်များက ပြောသည်။
အဆိုပါကောင်စီအတွက် လျာထားစာရင်းတွင် စီးပွားရေးပညာရှင်များ၊ ဘဏ်ပညာရှင်၊ နည်းပညာပိုင်းဆိုင်ရာပညာရှင်၊ စီမံခန့်ခွဲရေးပညာရှင်၊ စိုက်ပျိုးရေးပညာရှင် စသောကဏ္ဍပေါင်းစုံမှ ပညာရှင်များနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည်ကို တွေ့ရသည်။ ထိုကောင်စီကို လွန်ခဲ့သော တစ်လကျော်ကတည်းက ဖွဲ့စည်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ မေ ၁၀ရက်တွင် ၎င်း၏ လယ်တောရုံးခန်း၌ လျာထားသော ကောင်စီဝင်များနှင့် ပထမအကြိမ်တွေ့ဆုံပြီး စီးပွားရေး၊ လူမှုရေးစသော ကဏ္ဍပေါင်းစုံအတွက် ပြုပြင်ပြောင်းလဲသင့်သည်များကို ဆွေးနွေး၍ အကြံဉာဏ်များလည်း ရယူခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်များကပြောသည်။
လူမှုစီးပွားရေးအကြံပေးကောင်စီ လျာထားစာရင်းတွင် ဦးမော်သန်း၊ ပါမောက္ခဒေါ်ခင်စမ်းရီ၊ ဦးသန်းလွင်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးသောင်းတင်၊ ဦးတင်မောင်သန်း၊ ဦးဝင်းမြင့်၊ ဦးလှမောင်ရွှေ၊ ဦးကိုကိုကြီးစသော ပညာရှင်နှင့် လုပ်ငန်းရှင်များ ပါဝင်သည်။
နိုင်ငံတော်သမ္မတက နိုင်ငံရေးနှင့် စီးပွားရေး သမ္မတအကြံပေးအဖွဲ့နှစ်ဖွဲ့ကို ၂၀၁၁ တွင် ဖွဲ့ စည်းထားပြီး လူမှုစီးပွားရေးအကြံပေးကောင်စီကို ထပ်မံဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်သည်။
“ပြည်သူတို့၏ လူမှုစီးပွားရေး ဘ၀တိုးတက်ရေးအတွက် လူမှုရေးအဖွဲ့အစည်းများကို ပုဂ္ဂလိကဏ္ဍ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းနိုင်ရန်နှင့် အစိုးရသို့အကြံပြု ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလူ မှုစီးပွားရေးအကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတစ်ရပ်လုံးပူးပေါင်း ပါဝင်ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၁၁ ရက်တွင်ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ပညာရှင်တွေရဲ့ အကြံပြုချက်ကို သမ္မတကြီးကိုယ်တိုင် စိတ်ဝင်တစားနားထောင်တာက တ ကယ့် Change (အပြောင်းအလဲ) ပဲ။ အံ့သြစရာကောင်းတာက သမ္မတက ပညာရှင်တွေ ပြောတာကို ပြန်လည်ဆွေးနွေးတာ တော်တော်မြန်တယ်။ သူက အကြောင်းအရာ တော်တော်များသိတယ်။ ဒါကို ကျွန်တော်သိပ်အံ့သြတယ်””ဟု အထက်ပါကောင်စီ လျာထားစာရင်းတွင် ပါဝင်သော ဘဏ်ပညာရှင် ဦးသန်းလွင်က ပြောသည်။
မေ ၁၀ ရက်တွင် သမ္မတနှင့် အဆိုပါကောင်စီဝင် လျာထားပညာရှင်များနှင့် တွေ့ဆုံရာ၌ ဦးသန်းလွင်က ပြည်ပရောက် မြန်မာပညာရှင်များနှင့် မြန်မာနိုင်ငံသားများ နေရပ်ပြန်လာရာတွင် အဆင်ပြေ
ရန် ကြိုဆိုရေးနှင့် နေရာချထားရေးကော်မတီများ သီးခြားဖွဲ့စည်းပြီး ၎င်းတို့၏ အတွေ့အကြုံ၊ ပညာနှင့် လုပ်အားများ ရရှိရေး စနစ်တကျ စီမံခန့်ခွဲလုပ်ကိုင်ရန် အကြံပြုခဲ့သည်။