(ရန်ကုန်၊ ဇူလိုင် ၃၁)
၁၉၈၈-၈၉ မှစ၍ ၂၄ နှစ်တာ ကာလအတွင်း ပြည်တွင်း၌ နိုင်ငံခြား ကုမ္ပဏီ ၄၇၇ ခုတို့ကို လုပ်ကိုင် ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၄၁ဝ၂၉ ဒသမ ၄ သန်း ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
၁၉၈၈-၈၉ ခုနှစ်မှစ၍ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိကဏ္ဍ များအလိုက်တွင် ပြည်ပ နိုင်ငံများက ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံမှု များကို အသေး စိတ် ဖော်ပြထားပြီး လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှုမှာ ရင်းနှီး မြှုပ်နှံမှု စုစု ပေါင်း၏ ၄၆ ဒသမ ၄၇ ရာခိုင်နှုန်း နှင့် ပထမနေရာတွင် ရှိနေကြောင်း ဖော်ပြထားသည်။
ပြည်ပ ကုမ္ပဏီများအား ခွင့်ပြု ပေးထားသည့် ကဏ္ဍ ၁၂ ခုတွင် လျှပ်စစ် စွမ်းအင်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ သတ္တုတွင်း၊ စက်မှု လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အပါအဝင် မွေးမြူရေးနှင့် သားငါး သယ်ယူ ပို့ဆောင်ရေးနှင့် မြို့ပြလူနေ အိမ်ရာ အဆောက်အအုံ တို့တွင် ပမာဏ အများဆုံးဖြင့် လုပ်ကိုင် နေကြသည်။
စက်မှု လုပ်ငန်းတွင် ကုမ္ပဏီ ၁၇ဝ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ကုမ္ပဏီ ၁၁၃ ခု၊ သတ္တုတွင်းတွင် ကုမ္ပဏီ ၆၆ ခု၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွင် ၄၅ ခု၊ ရေလုပ်ငန်းနှင့် သားငါးတွင် ၂၅ ခု၊ မြို့ပြလူနေ အိမ်ရာ အဆောက် အအုံတို့တွင် ၁၉ ခုနှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ၁၆ ခုတို့မှာ အများဆုံး ဖြစ်ပြီး ကျန်ကဏ္ဍ များတွင် ကုမ္ပဏီ ၇ ခုနှင့် အောက်တွင်သာ ရှိသည်။
လာရောက် ဖွင့်လှစ်ထားသည့် ပြည်ပ ကုမ္ပဏီများထဲတွင် စင်ကာပူ နိုင်ငံက ၇၅ ခုနှင့် အများဆုံး နေရာတွင် ရှိနေပြီး ၄င်းတို့ပြီးမှ ထိုင်း၊ ဗြိတိန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့ရှိနေသည်။
ပြည်ပနှင့်ချိတ်ဆက် လုပ်ကိုင်နေသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က”စာရင်းတွေ ကြည့်ရသလောက် တရုတ်က ကုမ္ပဏီ ၃၄ ခုနဲ့ ကန် ဒေါ်လာ သန်းပေါင်း ၁၄ဝဝဝ ကျော် ရင်းနှီးမြှုပ်နှံ ထားမှုနဲ့ ပြည်ပ ရင်းနှီးမှုရဲ့ ၃၄ ဒသမ ၄၇ ရာခိုင်နှုန်း မှာရှိနေတယ်။ ကျန်တဲ့ ၃၈ ရာခိုင်နှုန်းကျော်က ထိုင်းနဲ့ ဟောင်ကောင်ပဲ၊ ကျန်တာတွေ က အများဆုံးမှ ၇ ရာခိုင်နှုန်းကျော် ကျော်လေးပဲ ရှိတယ်။ နောက်ပြီး ကဏ္ဍတွေ မှာလည်း လျှပ်စစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း ပေါင်းလိုက်ရင် ၈၆ ရာခိုင်နှုန်း လောက် ရှိနေတော့ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပေါများနိုင်တဲ့ ကဏ္ဍတွေမှာ လာလုပ်တဲ့သူ နည်းနေတယ် ဆိုတာ ပြနေတယ်။ အစိုးရသစ် အနေ နဲ့က အခြား ကဏ္ဍတွေမှာ ပြည်ပက လာ ရောက် ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေး ဖို့ လိုနေပြီ” ဟု ပြောသည်။
တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်နိုင်ငံ တို့မှာ ထိပ်တန်း စာရင်းတွင် ရှိနေပြီး စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားတို့ မှာ အဆင့် ၅ မှ အဆင့် ၁၅ နေရာ တွင် ရှိနေကြသည်။
မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ပြုနေကြသည့် နိုင်ငံ ၃၂ နိုင်ငံ ရှိသွားပြီ ဖြစ်ပြီး ဘယ်လာရုစ်၊ အီးယူ အစရှိသည့် နိုင်ငံသစ်များ လာရောက် ရင်းနှီး မြှုပ်နှံမှု များပြုလုပ်ရန် ဆွေးနွေးခြင်း နှင့် လျှပ်စစ် စွမ်းအား ကို လေအားနှင့် စပါးခွံလောင် စာများအသုံးပြု၍ ပြည်တွင်း၌ ထုတ်လုပ်ရန်တို့ ပါဝင်သည် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇူလိုင် ၉ ရက်နေ့အထိ စာ ရင်းများ အရ ပြည်တွင်းကုမ္ပဏီ ၈၄၉ ခုက ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ပေါင်း ၁၇ဝ၄ဝ၅၇ ဒသမ ၄၅ အထိ ရှိ နေသည်။ ဆောက်လုပ်ရေး၊ လျှပ် စစ် စွမ်းအင်နှင့် စက်မှု လုပ်ငန်းများ တွင် ပြည်တွင်း ကုမ္ပဏီပေါင်း ၆၄၇ ခု တို့က ၇၉ ရာခိုင်နှုန်းကျော် ရင်းနှီး မြှုပ်နှံနေပြီး စိုက်ပျိုးရေး ကဏ္ဍတွင် မူ ကျပ်သန်းပေါင်း ၅၄၇ ဒသမ ၉ဝ ဖြင့် အနည်းဆုံး ဖြစ်နေသည် ကို တွေ့ရသည်။
၂ဝ၁၂ ဇွန်လ ၃ဝ ရက်နေ့ စာရင်းများ အရ မြန်မာ ကုမ္ပဏီ ၂၈၄ဝ၃ ခု၊ နိုင်ငံခြား ကုမ္ပဏီနှင့် ဌာနခွဲများ ၁၃၅၆ ခု၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် ကုမ္ပဏီ ၁ဝ၇၂ခု၊ ဖက်စပ်ကုမ္ပဏီ ၇၂ ခုနှင့် အဖွဲ့အစည်း ၄၉ ခု တို့ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီနှင့် အဖွဲ့အစည်း စုစုပေါင်း ၃ဝ၉၅၂ ခု ရှိသည်။
PN-051