Welcome to (မြ၀တီမီဒီယာ) Myawady Media Web Site

Sunday, September 2, 2012

စိုက်ပျိုး မွေးမြူရေးကို အခြေခံသော အသေးစား၊ အလတ်စား စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ ထူထောင်

(နေပြည်တော် စက်တင်ဘာ ၁)
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည် ဖော်ရေး လုပ်ငန်း ကော်မတီ အောက်တွင် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည့် စီးပွားဖြစ် ကုန်ထုတ်လုပ်ငန်းများ ထူထောင်၍ ဒေသခံ ပြည်သူများ၏ အလုပ် အကိုင်နှင့် အခွင့်အလမ်းများ၊ လူမှု စီးပွားရေး အခြေအနေများ တိုးတက်အောင် အကောင် အထည် ဖော်ရေး လုပ်ငန်း ဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန် နေ့နံနက် ၁ဝ နာရီက နေပြည်တော်ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း က နိုင်ငံတော် သမ္မတ ရုံးက သတ်မှတ်ပေးသော လုပ်ငန်း ဆပ်ကော်မတီ အတွက် လုပ်ငန်းတာဝန် (၁၁) ချက်ကို ထိထိ ရောက်ရောက် အကောင် အထည်ဖော် ဆောင် ရွက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသနေ ပြည်သူများ ပြည်ပ တွင် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိနိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ညှိနှိုင်း သဘောတူ ပြီးသည့် တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသား ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ် အကိုင် အခွင့်အလမ်း ရရှိစေမည့် နယ်မြေဒေသ အတွင်း ဖြစ်နိုင်ခြေ ရှိသည့် စီးပွားဖြစ် ကုန်ထုတ်လုပ်ငန်းများ ထူထောင်နိုင်ရေး၊ လိုအပ်သော မြေအသုံးချမှု စိစစ်တင်ပြ နိုင်ရေး၊ အသေးစား လုပ်ငန်းများအား သမဝါယမ အစုအဖွဲ့ ထည့်ဝင်ငွေများဖြင့် အရင်းမတည် ဆောင်ရွက်ပေးရေး၊ အလတ်စားနှင့် အကြီးစား စီးပွားရေး လုပ်ငန်းများအား တိုင်းရင်းသား လုပ်ငန်းရှင်များ စုစည်း၍ ပုဂ္ဂလိက ကုမ္ပဏီ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ထူထောင်ရာတွင် လိုအပ်ပါက ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များ ဖိတ်ခေါ်၍ အကျိုးတူလုပ် ငန်း လုပ်ကိုင်စေရေး၊ ၎င်းအပြင် ပြည်ပ ရင်းနှီးမြှုပ်နှံ သူများဖြင့် စိုက်ခင်းကြီးများ၊ စက်ရုံ အလုပ်ရုံ ကြီးများ ထူထောင်ပါက မြေအသုံးချမှု ရှင်းလင်းပိုင်နိုင် စေပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုနိုင်ရေး၊ ပြည်ပမှ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြည့်တင်းရေး၊ ကုန်ပစ္စည်းများ ထွက်ရှိလာပါက ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုန် များမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပသို့ စနစ်တကျ ကူးသန်းရောင်းဝယ် နိုင်ရေး၊ ထိုသို့ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ ဒေသခံ ပြည်သူတို့၏ လူမှုစီးပွား ဘဝထိခိုက်မှု  မရှိစေရေး တို့အတွက် အခြေခံ လိုအပ်ချက်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားသော မူဘောင်များနှင့် အညီ ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ကျကျ  ထည့်သွင်း ဆွေးနွေးကြစေ လိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယ ဝန်ကြီးက ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစား၊ အလတ်စား စီးပွား ရေး ကုန်ထုတ် လုပ်ငန်းများ ထိထိရောက်ရောက် ထူထောင်ဆောင်ရွက် စေရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အကြီးစား စီးပွားရေး ကုန်ထုတ် လုပ်ငန်းများကို ပြည်တွင်း/ပြည်ပ အရင်းအနှီးနှင့် နည်းပညာများပါ ပေါင်းစပ်ပြီး အနာဂတ် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ကြွယ်ဝချမ်းသာရန်၊ စက်မှုနိုင်ငံ အဖြစ်သို့ ကူးပြောင်း တည်ဆောက်ရန် မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment