လေဆိပ်များကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ အဆင့်မြှင့်မည်

Share

(ရန်ကုန်၊ ဇူလိုင် ၂)
အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် ပြည်တွင်း လေဆိပ်များကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ကာ အဆင့်မြှင့်တင် တိုးချဲ့သွားမည် ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဈေးကွက် လိုအပ်ချက်အရ ဝင်ရောက်မှု တိုးမြင့်လာမည့် ခရီးသည် အရေအတွက် အား လက်ခံနိုင်ခြင်း မရှိသေးသည့် နိုင်ငံခြား ဧည့်ဝင်ရောက်မှု များပြားသော အပြည်ပြည် ဆိုင်ရာ လေဆိပ်များနှင့် ပြည်တွင်း လေဆိပ်များကို အဆင့် အလိုက် ရင်း နှီးမြှုပ်နှံမှုများ ဖိတ်ခေါ် သွားမည်ဖြစ် ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။
အဆိုပါ လေဆိပ်များတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံခြား ခရီးသည် ဝင်ရောက်မှု များပြားသော ပြည်တွင်း လေဆိပ် များဖြစ်သည့် ဟဲဟိုး၊ ညောင်ဦး၊ တာချီလိတ်၊ ပူတာအို၊ ထားဝယ်နှင့် သံတွဲ လေဆိပ်များ ပါဝင်ပြီး လေဆိပ် အလိုက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည် ဖြစ်ကြောင်း သိရသည်။
ကနဦး အနေဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် နေပြီး စက်တင်ဘာလတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အား ခရီးသည် ၅ ဒသမ ၄ သန်းဆံ့လေဆိပ် အဖြစ် တိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ အဆိုပါ လေဆိပ်များ ပြီးပါက ကျန်လေဆိပ် များအား ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်မှာ ခရီးသည် ၂ ဒသမ ၇ သန်း အထိသာ လက် ခံနိုင်ပြီး လေယာဉ် ဆင်းသက် ပျံသန်းမှု အနေဖြင့် A 320 လေယာဉ် ငါးစင်း၊ B.737,400 လေယာဉ် ခြောက်စင်း၊ F 28/ ATR.72 လေယာဉ် ခြောက်စင်း အထိ သာ လက်ခံပေးနိုင်ပြီး ထပ်မံ ဝင်ရောက်မှုများ လက်ခံနိုင်ရန် အတွက် အစွမ်း ကုန် တိုးချဲ့မှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်း လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော် ထံမှသိရသည်။
မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်အား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အတွက် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း (ဂျပန်)နှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
လေဆိပ် များအား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ ခွင့်ပေးရာတွင် ဖွံ့ဖြိုးပြီး လေဆိပ် များကိုသာ ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်စေမည် ဖြစ်ပြီး အရှုံးပေါ်စေနိုင်မည့် လေဆိပ်များ မဖြစ်စေရန် အတွက် စိစစ်လျက် ရှိကြောင်း ညွှန် ကြားရေးမှူးချုပ်က ပြောသည်။
မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ပေါင်း ၆၉ ခု ရှိကြောင်း၊ ၃၃ ကွင်း မှာ ပြည်တွင်း ပြည်ပ လေယာဉ်များ ဆင်းသက် ပျံသန်းမှု ရှိပြီး ကျန် ၃၆ ကွင်းမှာမူ ထိန်းသိမ်းထား သည့် ပုံစံ အဖြစ် သာရှိကာ အချို့ လေယာဉ် ကွင်းများကို တပ်မတော်(လေ) မှ သုံးစွဲကြောင်း သိရသည်။
အပြည်ပြည် ဆိုင်ရာ လေဆိပ် များ အဖြစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ် ရှိပြီး နေပြည်တော် လေဆိပ်အား အပြည်ပြည် ဆိုင်ရာ လေယာဉ်များ ဆင်းသက် ပျံသန်းရန် ဆောင်ရွက် သွားမည်ဖြစ် ကာ ထပ်မံ တည်ဆောက်မည့် ဟံသာဝတီ လေဆိပ်သည်လည်း အပြည် ပြည်ဆိုင် ရာ လေဆိပ် ဖြစ်ကြောင်း သိရသည်။

ဝေယံမိုးမြင့်

Share
ဆက်နွယ်သည့် သတင်းများ